Archive

Archive for October, 2007

Blog post တွေကို Rating ပေးမယ်

October 31st, 2007

ဒီနေ့ ကိုပီကေ ရဲ့ blog ကို အလည်သွားတော့ စိတ်ဝင်စားစရာလေးတစ်ခုကိုတွေ့တယ်။ သူ့ post တွေရဲ့ အောက်ဆုံးမှာ ကြယ်လေးတွေနဲ့ Rating System တွေထည့်ထားတာပါ။ ချက်ချင်းကိုပဲ ကိုပီကေ့ကို ဘယ်လိုလုပ်ထားလို့ မေးတော့ ဒီမှာ လုပ်လို့ရတယ်တဲ့။ Install လုပ်တာလဲကြော်ညာထားတဲ့ အတိုင်း ၂ မိနှစ်မကြာဘူး။ Sign Up လဲလုပ်စရာ မလိုပါဘူး။ Blogger Sidebar ထဲကို Wiget တစ်ခုအနေနဲ့ ၀င်လာပါတယ်။ Template တွေ တစ်ခုမှ ပြင်စရာမလိုပါဘူး နောက်ပြီး post အဟောင်းတွေမှာလဲ effective ဖြစ်တယ်။ တစ်ခုပဲ.. Add Page Element ဆိုတဲ့နေရာမှာတော့ Title ကို “Ratings by outbrain”ကိုဖျက်ပြီး ဘာမှမထည့်ပဲထားလိုက်ပါ။ (Page Elements ထဲရောက်မှ ၀င်ပြင်လဲရပါတယ်)။ Blogger အပြင် Typepad,WordPress နဲ့ Javascript version လဲရှိပါတယ်။

ဒါက နမူနာပုံပါ။ အစစ်က post အောက်ဆုံးမှာ

တစ်ဆက်ထဲပြောလိုက်ဦးမယ်။ ကျွန်တော့်ရဲ့ post တွေကို ကြိုက်တယ်ဆိုရင် ကျေးဇူးပြုပြီး Rating လုပ်ပေးကြပါ။ အချိန်ဘယ်လောက်မှ မကုန်ပါဘူး။ ဒါမှ နောက်လာလည်တဲ့ Readers တွေအတွက်ရော ကျွန်တော့်အတွက်ပါ အဆင်ပြေအောင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

>> Out Brain

Credits goes to Ko PK for this very useful plugin.

Author: Rapster88 Categories: Blog, Tips Tricks and Tweaks Tags:

သရဲ

October 31st, 2007

အမှန်အတိုင်း ၀န်ခံရရင်တော့ Halloween ကို သိပ်ပြီးမခံစားတတ်ဘူး။ ကျွန်တော်တို့ မြန်မာ့ဓလေ့ မဟုတ်လို့ပါ။ ဒါပေမယ့်လည်း နောက်ပိုင်းကတော့ ယဉ်ကျေးမှုတွေ ကူးစက်ကြတာလာတော့ ဟောလိုးဝင်းကလည်း ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်လာပဲ။ ကျွန်တော်အခုပြောချင်တာက အဲဒီအကြောင်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြုံဖူးတဲ့ အတွေ့အကြုံလေးပါ။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ပြောပြခဲ့ဖူးပါတယ်။

ဖြစ်ပုံကဒီလို… ကျွန်တော် ဆယ်တန်းဖြေပြီးကာစ အချိန်ပေါ့.. Internet ကလည်း Unlimited ပေးနေတုန်းပဲဆိုတော့ ညဖက်ပိုင်းတွေမှာ အသည်းအသန်ကို သုံးတာပေါ့။ ညတိုင်းလိုလို ည ၁၂ ခွဲ ၁ နာရီ လောက်မှ အိပ်တာ (အခုတော့ ဒီထက်နောက်ကျတယ်.. :P )။ တစ်ရက်.. အင်တာနက်သုံးနေရင်း အိပ်ချင်လို့အိပ်မယ်လုပ်တော့ ည ၁၂ ခွဲကျော်နေပြီ။ ကွန်ပြူတာကိုပိတ် အိမ်အနောက်ဖက်က ရေချိုးခန်းမှာ မျက်နှာသစ် သွားတိုက်လုပ်တာပေါ့ ပြီးတော့ အိမ်ရှေ့ပိုင်းကိုပြန်လာတယ်.. ကျွန်တော်တို့ အိမ်က အိမ်ရှေ့နဲ့ အိမ်အနောက်ဖက်ကို ညဖက်ဆိုရင် တံခါးပိတ်ထားလေ့ရှိတော့ ကျွန်တော်ကိုယ်တိုင် သေချာကို အဲဒီတံခါးကို ပိတ်ထားခဲ့တယ်။ မီးအားမြှင့်စက်ကိုကျတော့ အိမ်ရှေ့အပြင်ဖက် ၀ရံတာမှာထားတော့ အပြင်ထွက်ပြီး မီးအားချတယ် ပြီးတော့ ဧည့်ခန်းထဲလဲ ပြန်ဝင်လာရော…. ခုနကလေးတင် ကျွန်တော်ပိတ်ခဲ့တဲ့ တံခါးက ပွင့်နေတယ်.. ဒါပေမယ့် မီးတွေကလဲ အားလုံးပိတ်ထားတော့ သိပ်မမြင်ရဘူး.. မျက်မှန်ကလည်း ချွတ်ထားတော့…ဒါနဲ့ သေချာအောင်လို့ အရှေ့နည်းနည်း တိုးပြီးကြည့်လိုက်တော့ တံခါးပွင့်နေတာ လုံးဝသေချာတဲ့အပြင် တံခါးနားမှာ ဖြူဖြူကြီးတစ်ခု လှုပ်နေတာ.. I was totally shocked! လုံးဝပဲ..ဆံပင်တွေပါထောင်တက်လာတယ်… ငါတော့ သရဲအခြောက်ခံရပြီဆိုပြီးတော့.. နှလုံးခုန်လည်း ချက်ချင်းကို မြန်တက်လာတယ်.. ဒါပေမယ့် ဘာလို့ လူက ဆက်ပြီး အရှေ့ကို တိုးနေလည်း မသိဘူး။ နောက်ထပ် ၃ လှမ်းလောက်လဲ လှမ်းမိရော ကျွန်တော်စကားပြောသံ တစ်ခုကို ပီပီသသ ကြားလိုက်ရတယ်……

“သား.. မအိပ်သေးဘူးလား” တဲ့… အောင်မလေး.. ကျွန်တော့် အမေဖြစ်နေတာကိုး.. :D အမေက ညဖက်ဝတ်တဲ့ ဂါဝန်အရှည်အဖြူရောင်ကြီး ၀တ်ပြီး ထလာတာ…. ဟားဟား..အဲဒီတော့မှပဲ ကျွန်တော်လဲ လန့်တာ ပျောက်သွားတော့တယ်…

Author: Rapster88 Categories: Myself, Special Events Tags:

IE ကို ပိုကောင်းအောင် လုပ်ပေးတဲ့ IE Pro

October 30th, 2007

IE Pro ဆိုတာ Internet Explorer အတွက် Addon တစ်ခုပါ။ Complete Addon လို့လဲပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ IE Pro မှာ Proxy Switch, AD Block, User Scripts, Spell Check, Inline Search, Crash Recovery, Plugins, Mouse Gustures စတဲ့ အမျိုးမျိုးသော Features တွေပါလို့ပါ။ IE 6 ရော 7 မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Features တွေကတော့ Proxy Switch နဲ့ AD Block ပါပဲ။ Proxy Switch က Firefox Extension “Switch Proxy” လိုမျိုး အလုပ်လုပ်ပြီး AD Block ကတော့ Page တွေပေါ်က မလိုအပ်တဲ့ ကြော်ညာတွေကို ဖျောက်ထားပေးနိုင်တဲ့အတွက် မျက်စိနောက်သက်သာပြီး Page Load ပိုပြီးမြန်စေပါတယ်။ Install လုပ်ပြီးသွားတဲ့အခါမှာ IE ရဲ့ ညာဖက် အောက်နားလေးမှာ “e” ဆိုတဲ့ အစိမ်းရောင်လေး ပေါ်နေမှာပါ။ Right Click နှိပ်ပြီး လိုအပ်တဲ့ settings ကို ပြင်ပေးလို့ရပါတယ်။

Proxy List ကိုပြင်ချင်ရင်တော့ “e” ပေါ်မှာ right click နှိပ်ပြီး Proxy > Edit Proxy List.. ရွေးလိုက်ပါ။ proxy address နောက်မှာ port ကို : ခံပြီးထည့်ပေးရပါတယ် (ဥပမာ Bagan ရဲ့ 237 proxy ကို သုံးချင်ရင် 203.81.71.237:8080 လို့ထည့်ပေးရပါတယ်) ။ ပြီးရင်တော့ သုံးချင်တဲ့ proxy ကို ရွေးပေးထားလိုက်ရုံပါပဲ။

ဘာပဲပြောပြော ကျွန်တော်ကတော့ Firefox ပဲကြိုက်ပါတယ်။ Firefox ကပိုပြီးမြန်ပြီးပေါ့ပါတယ်။ IE Pro မှာ ရှိတဲ့ features တွေ အကုန်လုံးကိုလည်း Firefox Extensions တွေက လိုက်လုပ်နိုင်ပါတယ်(IE Pro လိုတော့ စုစုစည်းစည်းမဟုတ်ဘူးပေါ့)။ Firefox ရဲ့ Switch Proxy အကြောင်းကို ဖတ်ချင်ရင် ဒီမှာဖတ်ပါ။

> Download IE7 Pro
>> IE7 Pro Homepage

Gtalk ကို အမြဲ idle လုပ်ထားချင်လား??

October 29th, 2007

Google Talk မှာ Feature တစ်ခုပါတယ်လေ။ Keyboard နဲ့ Mouse ကို ၁၅ မိနစ် လှုပ်ရှားမှုမရှိရင် ကိုယ့်ရဲ့ Status ကို လိမ္မော်ရောင် အ၀ိုင်းလေးနဲ့ Idle ဆိုပြီးဖြစ်အောင်လုပ်ထားပေးတယ်။ Keyboard ဖြစ်ဖြစ် mouse ဖြစ်ဖြစ် ပြန်ပြီးလှုပ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Available or Busy ပြန်ဖြစ်သွားပါတယ်။ Google Talk မှာ Available or Busy Status ကိုကြိုက်သလိုပြောင်းလို့ ရပေမယ့် Idle ကိုတော့ ပြောင်းလို့မရပါဘူး။ Idle ကိုသာ ကြိုက်သလို ထိန်းထားခွင့်ရှိရင် ကိုယ်စကားမပြောချင်တဲ့သူတွေကို မရှိချင်ယောင်ဆောင်ပြီး လှည့်စားထားလို့ရတယ် :P

gAlwaysIdle ဆိုတဲ့ application သေးသေးလေးက idle status ကို ကြိုက်သလိုပြုပြင်လို့ရပါတယ်။ အမြဲပဲ idle ဖြစ်ချင်သလား normal ပဲထားမလား ဒါမှမဟုတ် လုံးဝကို idle မဖြစ်ချင်ဘူးပဲလား ဆိုတဲ့ options သုံးခုကို ရွေးလို့ရပါတယ်။ install လုပ်ရတာလဲ လွယ်ကူပြီးတော့ status ပြောင်းချင်ရင် System Tray ထဲက Google Talk Icon မှာ right click နှိပ်လိုက်ပြီး ရွေးရုံပါပဲ။

gAlwaysIdle က အခုအချိန်မှာတော့ Beta ပဲရှိနေသေးတဲ့အတွက် bug အနည်းငယ်ရှိနေပါတယ်။ အသိသာဆုံး bug ကတော့ status ကို idle ပြောင်းထားတုံး connection ကျနေရင် idle မဖြစ်သွားတာပါ။ နောက်ပြီး တစ်ခါတစ်လေ idle ဖြစ်အောင် ပြောင်းလို့မရတာပါ။ Connection ကောင်းတဲ့ အခါတွေမှာတော့ အဆင်ပြေပြေနဲ့ run နိုင်ပါတယ်။ ကဲ.. gAlwaysIdle နဲ့လူတွေကို လှည့်စားကြရအောင် ;)

>> Download gAlwaysIdle
>> gAlwaysIdle HomePage

AVI, DIVX, SRT နဲ့ ရွာပတ်တဲ့ ကျွန်တော်

October 29th, 2007

ကျွန်တော်ဘာလို့ ပျောက်နေလဲမှာ ရေးဖို့နည်းနည်းကျန်သွားတာနဲ့ ဒီမှာဆက်ရေးလိုက်တယ်။ ဒီ ၂ ရက်က ကျွန်တော် DVD တစ်ခုနဲ့ရွာပတ်နေတယ်။ ဖြစ်ပုံက ဒီလိုဗျ။ Harry Potter Order Of The Phoenix ကို crack site တစ်ခုကနေ DVD 9 Ripped Version ရလို့ဆိုပြီး ကျွန်တော်က ၂ ရက် (ညဖက်တွေမှာ) download ဆွဲလိုက်တယ်။ သူက ၂ ပိုင်း ပိုင်းပေးထားတာဗျ။ တစ်ပိုင်းကို ၇၀၀ မက်လောက်ရှိတယ်။ ဆွဲပြီးလို့ကြည့်လိုက်တော့ .AVI format နဲ့ ကွာလတီ တော်တော်ကောင်းတယ်ဗျ DVD 9 လေ။ ဒါပေမယ့် စာတမ်းထိုးမပါလို့ ထပ်ရှာတော့ .srt extension နဲ့ စာတန်းထိုးဖိုင် (subtitle only) ကိုတွေ့လို့ download ထပ်ဆွဲလိုက်တယ်။ ပြီးတော့ ရုပ်ရှင် ၂ ပိုင်းကို ဆက် ပြီးရင် စာတန်းထိုးထပ်ထည့်ဖို့လိုက်ကြည့်တော့ Divx MuzzWizz ဆိုတဲ့ application တစ်ခုတွေ့ပြီး စမ်းကြည့်တာ် movie က .divx extension ကိုပြောင်းသွားပြီး အောင်မြင်သွားတယ် ဒါနဲ့ ကွန်ပြူတာထဲမှာလည်း ကြည့်ပြီးရော DVD ခုတ်ချင်စိတ်ပေါ်လာတာနဲ့ Divx Player ထဲကနေ DVD burn လိုက်တာ ကိုရွှေ divx player က DVD Format မပြောင်းပဲ divx ဖိုင်လိုက်ကြီးအတိုင်း Data DVD ဖြစ်အောင် burn ပလိုက်ရော။

ကျွန်တော်လုပ်ချင်တာက ရုပ်ရှင်ကို DVD အချပ်ဖြစ်အောင်လုပ်ပြီး DVD စက်တွေနဲ့ ကြည့်လို့ရရမယ် နောက်ပြီး Subtitle ကိုလဲ အသေမဟုတ်ပဲ မလိုရင် ဖျောက်ထားလို့ရအောင် စမ်းလိုက်ရတာ software တွေစုံပြီး ပတ်ချာတွေ လည်သွားတယ်။ VirtualDUB, Subtitler, ffdshow, SRTtoSSA, SubtitleWorld, CucuSoft စုံလို့စုံလို့။ VirutalDUB ကျတော့လဲ သုံးရတာ ကောင်းတော့ ကောင်းပါတယ် ဒါပေမယ့် သူက subtitle ကို ရုပ်ရှင်ထဲမှာ အသေထည့်လိုက်တာ (VCD အတွက်ဆိုရင်အဆင်ပြေတယ်) နောက်ပြီး subtitle ထည့်လိုက်ရင် Video ကို compressပြန်လုပ်ပေးရတယ်။ အဲဒီ compress time ကလည်း အနည်းဆုံး ၁၀ နာရီကြာမယ်တဲ့ (ကျွန်တော့်စက်က Core2Duo 1.82Ghz FSB800Mhz 1GB DDR2 Ram ပါ) (ကျွန်တော်လုပ်တာလဲ တစ်ခုခုလိုသွားလို့ဖြစ်နိုင်တယ်)။ Cucusoft ကျတော့လည်း Subtitle ထည့်ပြီးသား Divx ဖိုင်ကို DVD လုပ်လို့ရပေမယ့် မသေချာပြန်ဘူး။

အခုတော့ ConvertXtoDVD ဆိုတဲ့ application တစ်ခုနဲ့ စမ်းကြည့်နေပြီ။ သူက .AVI ကို .srt subtitle ထည့်ပြီး dvd တစ်ခါထည်း burn လို့ရတယ်လို့ ရေးထားတယ်။ subtitle ကိုလည်း အရှင်ထားလို့ရတယ်ဆိုပဲ ညွှန်းတာ သိပ်ကောင်းလွန်းတာနဲ့ တစ်ခါထဲ crack ပါ ရှာလိုက်တယ် :P ။ ဒါတောင် ကံကောင်းလို့ဗျ။ ခုနက DVD တစ်ချပ်က အခွေ လိမ်နေတာ့ burn လဲ စရော.. အသံတွေမြည်လာပြီး စက်ပါရပ်သွားလို့ restart ချလိုက်တာ windows ပြန်မတက်တော့ဘူး ( သိပ်ကောင်းတယ်ဆိုတဲ့ Vista ပါ :P )။ အခုတော့ Burn နေတာ 61% ရောက်နေပြီ…

Author: Rapster88 Categories: Movies, Tips Tricks and Tweaks Tags:

ကျွန်တော်ဘာလို့ ပျောက်နေတာလဲ

October 29th, 2007

ဒီရက်ပိုင်း ကျွန်တော် ဘလော့မရေးဖြစ်တာ ၃ ရက်လောက်ရှိသွားတယ်။ အဓိကကတော့ မအားလို့ပါဗျာ။ မအားလို့ရယ်။ ပင်ပန်းလို့ရယ် ပျင်းလို့ရတယ် အဲဒါသုံးခု ပေါင်းသွားတာ :P ဒါနဲ့ဆိုရင် ကျွန်တော် ဘလော့ရေးဖို့ပျင်းတာ ၂ ခါမြောက်ပဲ.. ဟိုတစ်လောကလည်း တစ်ခါဖြစ်တယ်။ ၂ ရက်လောက် ရပ်ထားပြီးတော့မှ ပြန်ရေးကြည့်ရင်း အရှိန်ပြန်ရသွားတာ။ အခုလဲ အဲဒီလိုဖြစ်လာလို့ မနည်းကို စိတ်ကိုပြန်ထိန်းပြီး ဒီပိုစ့်လေးကိုရေးလိုက်တာပါ။ ပထမဦးဆုံးပျင်းရတဲ့ အကြောင်း အရင်းကိုပြောပြမယ်။ သီတင်းကျွတ်လပြည့်နေ့ပေါ့။ ရုံးလဲပိတ်ရက်ဆိုတော့ ပျင်းပျင်းနဲ့ ဘာမှမလုပ်ပဲ အိမ်မှာ နားနေလိုက်တာ လုံးဝကို မှားသွားတယ်။ ဒါက ပျင်းတဲ့အကြောင်း :D ။ နောက်တစ်နေ့ (စနေ) ရုံးလဲပြန်ဖွင့်ရော လုပ်ရမယ့် အလုပ်တွေက တောင်လိုပုံသွားတယ်။ ဒီကြားထဲ စိတ်တိုစရာကိစ္စတွေက ပေါ်လာသေးတယ်။ လူကအလုပ် တွေများလို့ အချိန်လုပြီး အသည်းအသန်လုပ်နေပါတယ်ဆိုမှ အဲဒီမဖြစ်သင့်တဲ့ ကိစ္စတစ်ခုကိုလုပ်လိုက်တာ အလုပ်ချိန် တွေပါသွားတယ်။( အဲဒီစိတ်တိုစရာ အကြောင်းကိုလဲ ရေးသင့်ရင်ရေးရမယ် )။ အဲဒီနေ့က အလုပ်ပိသွားတာ ညနေ ၇ နာရီထိုးမှ အလုပ်ပြီးတယ်။ တစ်ကိုယ်လုံးလဲ ကိုက်ခဲနေတာပဲ။ သူများကို အကူအညီတောင်းရင် ရပေမယ့် ကိုယ့်အလုပ်ကို ကိုယ့်ဟာကိုပဲလုပ်ချင်လို့။

ဒါနဲ့ စနေညက ဘလော့ရေးမယ့် အစီအစဉ်လဲ ပျက်သွားတယ်။ ဒီနေ့ ကျတော့လဲ ဘလော့ရေးဖို့ကို စိတ်ဘယ်လိုမှကို သွင်းလို့မရပဲ အပျင်းတစ်နေတာနဲ့ တစ်နေကုန်သွားတယ် :D ။ အပျင်းတစ်လိုက်တာ လပြည့်နေကလဲ ဘလော့မှာ မီးပုံးလေးတွေ တင်မလို့စီစဉ်ထားတာလဲ အကုန်ပျက်။ Blog ကလည်း အသစ်မရေးရင် သိသာတယ်။ လူအ၀င် hit count က သိသိသာသာကို ကျသွားတယ်။ မဖြစ်ချေဘူးဆိုပြီး အခုပြန်ရေးနေပါပြီဗျာ :) ။ (ဟိုက်.. ၃ ရက် မဟုတ်ဘူးဗျ…၄ ရက်တောင်)

Author: Rapster88 Categories: Blog, Myself Tags:

Warhead!

October 25th, 2007

Click on below picture!

Author: Rapster88 Categories: Fun, Special Events Tags:

Proxy တွေကို အလွယ်တကူ ပြောင်းလို့ရတဲ့ Switch Proxy

October 25th, 2007


Switch Proxy က Firefox ရဲ့ အသုံးဝင်တဲ့ extension တစ်ခုပါ။ Proxy တွေအများကြီးကို ခဏခဏ ပြောင်းပြီးသုံးနေရတယ်ဆိုရင် ဒီ extension ကို သုံးဖို့သင့်ပါတယ်။ ဥပမာအားဖြင့် Bagan ရော MPT မှာပါ Proxy တွေအများကြီးရှိပါတယ်။ Bagan ရဲ့ proxy တွေကလဲ ခဏခဏ ဒေါင်းတတ်ပါတယ် ခဏခဏကို ပြောင်းသုံးရတယ်။ ဒါ့အပြင် YourFreedom နဲ့ UltraSurf လို bypass လုပ်တဲ့ application တွေကလဲ proxy ကို လိုက် ပြောင်းပေးရပါတယ်။ ပုံမှန်ဆိုရင်တော့ Firefox ထဲက Tools > Options > Advanced > Network > Setting ထဲဝင်ပြီး proxy ကို ပြောင်းပေးရပါတယ်။ Switch Proxy ကိုသုံးပြီးတော့ အလွယ်တကူ ပြောင်းလို့ရတာကို အောက်မှာ ဖတ်ကြည့်ပါ.. ;)

၁။ Switch Proxy ကို ဒီမှာ ၀င်ပြီး Install လုပ်ပါ။ (Install ပြီးရင် Firefox ကို restart ချရပါတယ်)
၂။ Firefox ပြန်တက်လာရင် Address Bar အောက်မှာ Switch Proxy Toolbar ပေါ်နေပါပြီ။
၃။ “Add” ကို ကလစ်နှိပ်ပါ။
၎။ Select Proxy Type မှာ “Standard” လို့ပဲရွေးပြီး “Next >>” ကိုနှိပ်ပါ။

၅။ Proxy Label ကိုအဆင်ပြေတဲ့နာမည်ပေးပြီးအောက်မှာ Proxy တွေကို ထည့်ပေးပါ။ (အဓိကက HTTP,SSL,FTP ပါ) ပြီးရင် OK နှိပ်ပါ။(ပုံက ultrasurf proxy ကိုဥပမာပြထားပါ)

၆။ ဒါဆိုရင် အောက်မှာပြထားတဲ့ပုံလိုမျိုး List ထဲမှာ Proxy တွေ ၀င်လာပါပြီ။ ကိုယ်သုံးချင်တဲ့ Proxy ကိုရွေးပြီး “Apply” ကိုနှိပ်လိုက်ရုံပါပဲ။

မှတ်ချက်။ Switch Proxy ရဲ့ bug ကြောင့် တစ်ခါတစ်လေ Firefox crash ဖြစ်ရင် Proxy တွေ အကုန်ပျောက်သွားတတ်ပါတယ်။ (ဒါပေမယ့် ဖြစ်ခဲပါတယ်)
IE မှာ Proxy အလွယ်တကူ ပြောင်းချင်ရင် ဒါကိုဖတ်ပါ။

Author: Rapster88 Categories: Firefox, Proxy, Tips Tricks and Tweaks Tags:

Your Freedom ထက်ပိုမြန်တဲ့ Ultra Surf

October 24th, 2007

Your Freedom (YF) ကိုတော့ တော်တော်များများ သိကြပါတယ်။ Banned လုပ်ထားတဲ့ site တွေ port အပိတ်ခံရတဲ့ application တွေကို YF သုံးပြီး Firewall ကိုကျော်ထွက်လို့ရပါတယ်။ Your Freedom application က free ဆိုပေမယ့် limit တွေရှိပါတယ်။ Uplink/Downlink ကို 64Kbps သတ်မှတ်ထားတဲ့အတွက် connection speed 64kbps အောက်ပဲရှိတဲ့ Dialup Users တွေအတွက်ကတော့ အဆင်ပြေပေမယ့် BroadBand, ADSL လို connection မျိုးကတော့ 64kbps ကြောင့် ရသင့်တဲ့ connection မရပဲ အ၀ကျဉ်းတဲ့ ပုလင်းမှာ ဆို့နေသလိုနှေးသွားပါတယ်။ အဲဒီလို High Speed user တွေ bandwidth ကိုအပြည့်သုံးချင်ရင် YF Package ကို ပိုက်ဆံထပ်ပေးပြီးဝယ်လို့ရပါတယ်။ ဒါပေမယ့်လဲ ဒီကလူတွေကတော့ Online ၀ယ်ဖို့ဆိုတာအဆင်မပြေပါဘူး။ YF ကို run ဖို့ Java Runtime လဲရှိရပါတယ်။ YF Account ကိုလဲရှိရမယ်။ YF Installer ကလဲ 1Mb ပတ်ဝန်းကျင်မှာရှိပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့်အသိ အစ်မကြီးတစ်ယောက်က Ultra Surf (US) ဆိုတဲ့ Tunnel Application ကို သုံးကြည့်ဖို့ပြောပြခဲ့တယ်။ ဒါနဲ့ စမ်းပြီး သုံးကြည့်တော့ US ကအဆင် တော်တော်ပြေပါတယ်။ အဓိက အားသာချက်ကတော့ Bandwidth limit မရှိတဲ့ Feature ပါပဲ။ နောက်တစ်ချက်က Config: လုပ်ရတာ ရှင်းလင်းလွယ်ကူပါတယ်။ Price က FREE ပါ။ သူ့မှာလဲ Limit တစ်ချို့တော့ရှိပါတယ်။ Socks မရတာပါ။ ဒါကလဲ Proxifier လို မျိုးသုံးပြီး socks ပြောင်းလို့ရတယ်။ (နောက်ပြီး socks ကဒီမှာ အသုံးနည်းပါတယ်၊) Website တွေကြည့်ရုံလောက်ပဲ ဆိုရင် US ကိုသုံးရတာကောင်းပါတယ်။ Connection ကောင်းတဲ့အချိန်မှာဆိုရင် US ခံထားရင်တောင် Download Speed က 40-50 kbps ပတ်ဝန်းကျင်ရပါတယ်။ Account ဖွင့်စရာမလိုပါ။ ဘာ Runtime မှမလိုတဲ့အပြင် installer လုပ်စရာလဲမလိုပါ။ File size ကို ကြားရင်ယုံစရာတောင်မရှိပါ ( 106kb ) ပဲရှိပါတယ်။

ဒီတော့ US ကို ဒီမှာ Download လိုက်ပါ။ Home Page ကတော့ ဒီမှာပါ။ Download လုပ်ပြီးလို့ ပထမဦးဆုံးအကြိမ် Run လိုက်ရင် အောက်မှပြထားတဲ့ proxy setting တက်လာပါတယ်။ Auto Detect Proxy နေရာမှာ Proxy address မှန်လားဆိုတာ ကြည့်လိုက်ပါ။ မှားနေရင် “Manual Proxy Setting” ကို ရွေးပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ Proxy ကိုထည့်ပေးပါ။ (Bagan user တွေအတွက် proxy တွေကို ဒီမှာ ကြည့်လို့ရပါတယ်။ MPT ဆိုရင်တော့ ကျွန်တော်ပုံမှာ ထည့်ထားတဲ့အတိုင်း ထည့်လိုက်ပါ။). OK ၂ ခါနှိပ်လိုက်ရင် US စပြီး Connect လုပ်ပါတော့မယ်။

ကွန်နက်ရှင် ချိတ်လို့ရသွားပြီ ဆိုရင် Speed Percentage နဲ့ အောက်မှာ အနီနဲ့ ခတ်ပြထားတဲ့နေရာမှာ “Successfully Connected” ဆိုပြီး ပေါ်လာပါမယ်။ ( ၂ ကြိမ်ဖြစ်တတ်ပါတယ်။ Connecting.. ပြန်ဖြစ်သွားတတ်တယ်ပြီးမှ “Successfully Connected” ဆိုတာပြန်ပေါ်လာတယ်။)

ဒါဆိုရင် US အပိုင်းကို ပြီးသွားပါပြီ။ Browser တွေရဲ့ proxy address မှာ localhost နဲ့ port ကို 9666 လို့ပြောင်းပေးလိုက်ရင် စပြီးသုံးလို့ရပါပြီ။ Proxy Address ကိုမပြောင်းတတ်ရင် အောက်မှပြထားပါတယ်။ Proxy တွေကို လွယ်လွယ်ကူကူပြောင်းလို့ရအောင် Firefox မှာ Switch Proxy ဆိုတဲ့ Extension ရှိပြီး IE မှာ IE Pro ဆိုတဲ့ Addon ရှိပါတယ်။(အဲဒီ ၂ ခုအကြောင်းလဲ ထပ်ရေးသွားပါမယ်) ရေးပြီးသွားပါပြီ။ Switch Proxy ကို ဒီမှာဖတ်ပြီး IE Pro ကို ဒီမှာဖတ်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings

IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)

Google Talk
Go to Settings > Connections

Enjoy!!!

Notes: US ကို ဖွင့်လိုက်လို့ IE က auto တက်လာတာမလိုချင်ဘူးဆိုရင် setting ထဲက ပိတ်လို့ရပါတယ်။ ရွှေရောင် သော့ဂလောက်ကြီး ကိုဖျောက်ထားချင်ရင်လဲ setting ထဲမှာပဲပိတ်လို့ရပါတယ်။

Special Thanks to “Ma Thet Htar” for pointing this super cool application :)

Download Ultra Surf

How to configure Executor

October 24th, 2007

Executor ရဲ့ config တစ်ချို့ကို ပုံနဲ့အတူတင်ပေးလိုက်ပါတယ်။ Executor အကြောင်းဖတ်ပြီး download လုပ်ချင်ရင် ဒီကိုကြွပါ။

Application တစ်ခုကို Keyword နဲ့ shortcut ပေးချင်ရင်-

Windows Key နဲ့ Z ကိုတွဲနှိပ်ပါ။
Right Click on Executor ဒါမှမဟုတ် Ctrl + Alt + K နှိပ်ပါ။
“Find” ကိုနှိပ်ပြီး ကိုယ့်ထည့်ချင်တဲ့ Application ကိုရွေးပါ။
“Keywords” နေရာမှာ ကိုယ်အဆင်ပြေမယ့် နာမည်ကို ထည့်ပေးလိုက်ပါ (ဥပမာ၊ GoogleTalk ကိုထည့်ထားလျှင် gtalk လို့ပေးပါ။)
Apply ကိုနှိပ်ပါ။

Folder ကို keword နဲ့ shortcut ကို အလွယ်ဆုံးပေးချင်ရင်-

Windows Key + Z နှိပ်ပါ။
Right Click နှိပ်ပြီး Settings လို့ရွေး ဒါမှမဟုတ် Ctrl + S နှိပ်ပါ။
Settings Tab ကို သွားပြီး “Add to Windows ‘Send to’ Menu. ကို Check လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ် folder ကို right click လုပ်ပြီး send to မှာ executor လို့ရွေးလိုက်ပါ။ ပြီးရင် keyword ကို အဆင်ပြေသလိုပေးပြီး Apply ကိုနှိပ်လိုက်ရင်ရပါပြီ။

Windows Key + R နေရာမှာအစားထိုးချင်ရင် -
Settings ထဲက “Steal Win-R Hotkey from Windows” ကို check လုပ်ပေးလိုက်ပါ။

System Tray ထဲမှာ executor ကလာပြီး ရှုပ်နေတာမကြိုက်ရင် -
Setting ထဲက “Show Executor Icon in System Tray when Hidden” ကို uncheck လုပ်ပါ။

ထည့်ထားသမျှ keyword တွေကို export လုပ်ချင်ရင် -
Keyword tab အောက်က command list တစ်နေရာမှာ right click နှိပ်ပြီး “Export keywords..” ကိုရွေးပါ။