ကျွန်တော့် ဘ၀ ပထမ နေ့ရက်များ ( ၁ )

June 24th, 2008

အမေက ကျွန်တော့် ပါးကို နမ်းလိုက်တုန်း အဖေကလဲ နောက်တစ်ဖက်ကို နမ်းလိုက်တယ်… စိတ်ထဲမှာ ၀မ်းနည်းသလို ဖြစ်လာလို့ မျက်နှာကို တစ်ဖက်ကို လှည့်ပြီး အဖေနဲ့ အမေ့ကို ပြန်ပဲ ဖက်လိုက်တယ်။ ကျွန်တော်တို့ သုံးယောက်ကြားမှာ အ၀ါရောင် လိုင်းလေးက ခြားထားတယ်။ ကျွန်တော်က တစ်ဖက်.. ဟိုဖက်မှာက အဖေနဲ့အမေပေါ့။

"Good Luck" တဲ့.. အဖေက ပြောတယ်။ ဒါနဲ့ ကျွန်တော်လဲ ချထားတဲ့ အိတ်အနီလေးကို ကောက်ဆွဲပြီး သူတို့နဲ့ မျက်နှာခြင်းဆိုင်ကို ထွက်ပြီး Passport Control Counter ကို ကျော်ခဲ့ တယ်။လှည့်ကြည့်ချင်ပေမယ့် အားတင်းပြီးတော့ ဆက်လျှောက်နေရင်း လက်ပဲ မြှောက်ပြလိုက်တယ်။ စိတ်ထဲမှာတော့ အရမ်းကို ကြီးမားတဲ့ ကွင်းပြင်ကြီးထဲကို အမှုန်အမွှား သေးသေးလေးတစ်ခု စပြီး တိုးဝင်ြပီလို့ တွေးနေရင်းပဲ အချုပ်အနှောင် တစ်ခုကနေ လွတ်လပ်စ ပြုသလိုလဲ ခံစားရတယ်….

ဒီကျောပိုးအိတ်ကို တစ်ချက်ဖွင့်ပြပါ” တဲ့.. ပစ္စည်းတွေ X Ray ဖြတ်တော့။
ဘာဖြစ်လို့လဲ အစ်မ
အထဲမှာ Wire ကြိုးတွေ များနေတယ်

အော်.. ဟုတ်တာပေါ့.. ကျွန်တော့် Laptop ရဲ့ Adaptor ကြိုးတွေနဲ့ Camera ရဲ့ Charger တွေရော ရှိသမျှ အကုန် အဲဒီအထဲမှာ ထည့်ထားတာလေ။ သူလန့်မယ်ဆိုလဲ လန့်စရာပါပဲ။ ဆန့်အောင် ထည့်ထားတဲ့ အိတ်ကို အကုန် ထုတ်ပြရတယ်။ ပြီးတော့ “ ဒီကို လာ ညီလေး” တဲ့.. ခုံအမြင့်လေးပေါ် တက်ပြီး Metel Detector နဲ့ အစစ်ခံရတယ်။

ဘောင်းဘီ အိတ်ထဲက ဘာတွေလဲ ?
ကျွန်တော့် iPod နဲ့ မလေး စကားပြောနည်း စာအုပ်ပါ အစ်ကို
ဒီ အိတ်ထဲကရော.. ?” ကျွန်တော် လည်ပင်းမှာ လွယ်ထားတဲ့ အိတ်ကို ထောက်ပြီး မေးတယ်။
Passport နဲ့ လေယာဉ် လက်မှတ်ပါတယ်.. နောက်ပြီး ဘုရားဆင်းတု အသေးတစ်ခု ပင့်လာတယ်
ဒါဆို ရပါပြီ” တဲ့။

လှေကားလေးအတိုင်း အောက်ဆင်းလိုက်တော့ MAS counter ကို ရောက်သွားတယ်။ အဖေမှာတဲ့အတိုင်း သေချာအောင် Passport ကို ထပ်စစ်တယ်။ ပြီးတော့ လေယာဉ် လက်မှတ်ကို အဆင်သင့် လက်က ကိုင်ထားလိုက်တယ်။ နာရီကို ကြည့်တော့ ၁၀ မိနစ် ကျော်ကျော်လောက် လိုသေးတယ်။ မှန်အပြင်ဖက်ကို လှမ်းကြည့်တော့ MAS လေယာဉ်က Tube မှ စွတ်လျက်နဲ့ပစ္စည်းတွေ တင်နေတာ တွေ့တယ်။ “မောင်လေး” ဆိုလို့ လှည့်ကြည့်လိုက်တော့ MAS က Staff တစ်ယောက်။ ကျွန်တော့် အိတ် အနီလေးကို Hand carry မရဘူးတဲ့။ သူက ဆက်ပြောတယ်..

အစ်မတို့က Hand Carry ကို တစ်အိတ်ပဲ ပေးတယ်.. အခု မောင်လေးက ကျောပိုးအိတ် ပါနေတော့ ဒီဟာကို Baggage တွေနဲ့ အတူတူ ထည့်လိုက်ရလိမ့်မယ်

ဟင်… ဒါက ကျောပိုးအိပ်လေ.. Back pack.. ဟိုဟာက လက်ဆွဲအိတ် hand carry ပေါ့လို့ ပြောချင်ပေမယ့် မရမှန်းသိတော့.. ပေးလိုက်ရတယ်။ :D

နာဂစ် ပြီးခါစ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးလဲ မီးမှန်မှန် မရတော့ P.A System ကနေ မပြောနိုင်ပဲ လူကိုယ်တိုင် လိုက်ပြောနေရတယ်။ တစ်ဦးချင်းဆီ တန်းစီပြီး အပေါက်ဆီကို လာပါတဲ့။ ကလေးတွေ သက်ကြီးရွယ်အိုတွေနဲ့ Disable တွေကို ဦးစားပေးဖို့ ပြောနေတယ်။ ဝေ့ကြည့်လိုက်တော့ ကလေးလေး ချီထားတဲ့ မိန်းမတစ်ယောက်ပဲ တွေ့တယ်။ သူ့ကို ဦးစား ပေးပြီးအနောက်က ကျွန်တော် လိုက်သွားလိုက်တယ်။

"Good Afternoon, Sir"
"Hi Good Afternoon" လို့ လေယာဉ်မောင်ကို ပြန်နှုတ်ဆက်ပြီး အထဲဝင်.. ထိုင်ခုံကို လိုက်ရှာတယ်။ တွေ့ပြီ.. 19F ပြုတင်းပေါက်နဲ့ ကပ်ရက် ။ လက်ထဲမှာ ကျောင်းကပို့လိုက်တဲ့ Guide စာရွက်တစ်ခုပဲ ချန်ပြီး ကျန်တာကို အပေါ်ကို ထည့်လိုက်တယ်။

တဖြည်းဖြည်းနဲ့ လေယာဉ် တစ်စီးလုံး လူတွေ ပြည့်သွားပြီ။ သိမ့်ခနဲ.. တစ်ချက်ဖြစ်ပြီး အနောက်ကို ရွေ့.. ပြီးတော့ ခေါင်းလည့်ပြီး Taxi way အတိုင်း Runway ပေါ်ကို သွားနေတယ်။ Apron တစ်ခုလုံးမှာ နာဂစ် အကူအညီ လေယာဉ်တွေ စီလို့။ ခုနကလေးတင် ဆင်းလာတဲ့ India Air Force (IAF) ရဲ့ လေယာဉ်ပေါ်ကနေတော့ ပစ္စည်းတွေ ချနေကြတယ်။

ဒီလိုနဲ့ Runway ပေါ်ရောက်သွားပြီ… ခဏရပ် ပြီးတော့ စက်ရှိန်မြှင့်ပြီး ပြေးလမ်းရဲ့ ဟိုဖက်ထိပ်ကို ပြေးရင်း လေယာဉ်ဦးက ကြွတက်လာပြီး ခဏနေတော့ တစ်စီးလုံး မြေပြင်ပေါ်က လွတ်သွားတယ်..

စိတ်ထဲက ပြောမိတာက.. "Good Bye Yangon…" :|

အပိုင်း ( ၂ ) ဆက်ရန်။

Similar Posts:

Author: Rapster88 Categories: Myself, Special Events Tags: , , ,
  1. No comments yet.
  1. No trackbacks yet.